Wednesday, August 30, 2017

YBS ပေါ်က ပီတိများ


မနေ့က မနက်ပိုင်း YBS ၂၀ ပေါ် လေထိထားတဲ့ ကျနော် လှိုင်သာယာ ရုံးရှေ့မှတ်တိုင်ကနေ ထော့နင်း ထော့နင်း တက်လာလို့လားမသိ၊ အစ္စလာမ်ဘာသာဝင် မဟုတ်ရင် ဟိန္ဒူဘာသာဝင် ဖြစ်ဖို့များတဲ့ ဘောလိဝုဒ်မင်းသားနဲ့ ခပ်ဆင်ဆင် ညီငယ်လေးတဦးက သူ့ကို ကျောပေးရပ်လိုက်တဲ့ ကျနော့်ကို လက်တို့ပြီး သူ့နေရာမှာ ထိုင်ဖို့ ထပေးတယ်။ ကျနော် အားနာသွားပြီး ''ရတယ် ညီ ... ဝေးရင် ထိုင်ပါ၊ အစ်ကို ရပ်စီးနေကျပါ'' လို့ သူ့ကို ပြန်ပြောမိတယ်။

သူက ရတယ် အစ်ကို ထိုင်ပါဆိုတဲ့သဘော ပြုံးပြီး လက်ကာပြတယ်။ ဒါနဲ့ ကျနော်လည်း ''ကျေးဇူးပဲ ညီ'' လို့ ပြောပြီး သူ ဖယ်ပေးတဲ့ ခုံမှာ ထိုင်စီးလာခဲ့တယ်။ ဘုရင့်နောင်လမ်းဆုံမှတ်တိုင် (မင်္ဂလာသန်းမြင့်အနီး) မှာ ကျောပိုးအိတ်ကို လွယ်၊ ဆံပင်ဂုတ်ဝဲကို အဖြုအနက်ကျား ဆေးဆိုးထားပြီး ဖုန်းနားကျပ်လေးနားထောင်ရင်း ကားပေါ်က ဆင်းသွားတဲ့ ခေတ်လူငယ်စတိုင် အဲဒီညီငယ်လေးကို ကြည့်ငေးရင်း မနက်အစောမှာ ကျနော် ပီတိသောမနဿ ဖြစ်ခဲ့ရလေတယ်။

ဒီမတိုင်ခင်တရက် မ/ဥက္ကလာ ဥက္ကာမှတ်တိုင်ကနေ YBS ၁၆ ကို တက်စီးတော့ ခုံအလွတ် တွေ့တာနဲ့ ကျနော် ထိုင်စီးလာတယ်။ နောက်တမှတ်တိုင် မေဓာဝီလမ်းဆုံ ရောက်တော့ လသားအရွယ် ကလေးငယ်လေးကို ချီထားတဲ့ ဗလခပ်တောင့်တောင့် ထောင်ထောင်မောင်းမောင်း ရှော့ပင်ဝတ် လူရွယ်တဦး တက်လာတယ်။ ကျနော်က ခုံမှာ လာထိုင်ဖို့ လက်ရပ်ခေါ်တော့ သူက ရတယ်ဆိုတဲ့သဘော လက်ပြတယ်။ ဒါနဲ့ ကျနော် မတ်တပ်ရပ်လိုက်ပြီး လာထိုင်ဖို့ အတင်းခေါ်မှ သူက လာထိုင်တယ်။

သူတို့သားအဖ ဘေးမှာ ရပ်စီးလာတဲ့ ကျနော့်ကို ကလေးငယ်လေးက မော့ပြီး တလမ်းလုံး ပြုံးကြည့်နေတယ်။ ကျနော်က ကလေးငယ်လေးရဲ့ပါးကို ပြန်ပွတ်လေ ကလေးငယ်လေးက ကျနော့်ကို ပြုံးပြလေဖြစ်ပြီး မတ်တပ်ရပ်စီးလာတဲ့ ကျနော် ညောင်းလို့ ညောင်းမှန်းမသိ ပီတိတွေဖြာနေမိတော့တယ်။ အဖေလုပ်သူကလည်း ကလေးငယ်လေးကို နမ်းလိုက် တချက်တချက် ကျနော့်ကို ကြည့်လိုက်နဲ့ ပြုံးလို့ရွှင်လို့ ...။

YBS ၂၀ ပေါ်က ဆင်းသွားတဲ့ ညီငယ်လေးလည်း ကျနော် YBS ၁၆ ပေါ်မှာ ရခဲ့တဲ့ ပီတိမျိုး ခံစားရလိမ့်မယ်လို့ ကျနော် တွေးနေမိတယ်။

ဒေါက်တာလွဏ်းဆွေ
(၃၀ သြဂုတ် ၂၀၁၇)

No comments: